ငရုတ်သီးမှည့်များကို နည်းပညာမြှင့်၍ ထုတ်လုပ်ပြီး ပြည်ပသို့ တင်ပို့ရေး ဆောင်ရွက်မည်

2020-06-30 17:57 မြန်မာတိုင်းမ်နေ့စဉ်

1_1510

မြန်မာနိုင်ငံမှ စိုက်ပျိုးထွက်ရှိသော ငရုတ်သီးအမှည့်များကို ပြည်ပနိုင်ငံအချို့သို့ တင်ပို့နေသော်လည်း ဈေးကွက်မတည်ငြိမ်မှုနှင့် အခြားအခက်အခဲများရင်ဆိုင်ဖြေရှင်းရန် နည်းပညာမြှင့်၍ ထုတ်လုပ်ပြီး ပြည်ပနိုင်ငံများသို့ တင်ပို့နိုင်ရေး ဆောင်ရွက်သွားမည်ဟု ငရုတ်သီးဈေးကွက်နှင့် နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအသင်း ဥက္ကဋ္ဌ ဒေါ်ဥမ္မာကျော်က ပြောသည်။

“ငရုတ်အစိုကို အဆင့်မြင့်နည်းပညာနဲ့ထုတ်လုပ်ပြီး တန်ဖိုးမြင့်ထုတ်ကုန်အဖြစ်ထုတ်ဖို့ ပြည်ပကအကြံပြုတယ်။ ကမ်းလှမ်းတယ်။ဒါပေမယ့် ဒီမှာက ထုတ်လုပ်ဖို့ နည်းပညာရော စက်ရုံရောမရှိသေးလို့ တခြားနိုင်ငံတွေသွားပြီး နည်းစနစ်နဲ့ စက်ရုံတွေကိုလေ့လာရမယ်။အသင့်စားသုံးကုန်အမယ်တွေနဲ့ ထုတ်လုပ်တင်ပို့နိုင်ဖို့ပါ”ဟု ၎င်းကပြောသည်။

မြန်မာနိုင်ငံမှ ထွက်ရှိသော ငရုတ်သီးမှည့်များကို တရုတ်၊ထိုင်းနိုင်ငံတို့သို့ တင်ပို့နေသော်လည်း ၎င်းတို့ဘက်မှ ဝယ်လိုအားနှင့် ဝယ်ယူမှုအခြေအနေမရှိတော့ပါက ဈေးကောင်းရမည်မဟုတ်တော့သကဲ့သို့ ဈေးကွက်တည်ငြိမ်မှု မရှိနိုင်ကြောင်း၊ သို့ဖြစ်၍ ဈေးကွက်ထိန်းနိုင်ရန်နှင့် အဆင့်မြင့်ထုတ်ကုန်အဖြစ် ထုတ်လုပ်တင်ပို့ရန် ဆောင်ရွက်မည်ဖြစ်သည်ဟု သိရသည်။

“ငရုတ်အစို မူလအတိုင်း ပြည်ပက ဝယ်နေပေမယ့် နောက်ပိုင်းမှာ မဝယ်တော့ဘူးဆိုရင် ကိုယ့်ဘက်က သူတို့ လိုတဲ့ ပုံစံတင်ပို့နိုင်ဖို့ ကြိုတင်ပြင်ဆင်ထားပြီးဖြစ်မယ်။ ငရုတ်စိုက်တောင်သူတွေမှာလည်း ပြည်ပဝယ်လိုအား လျော့နည်းရင် ထိခိုက်နိုင်တယ်”ဟု ဆက်လက်ပြောကြားသည်။

တန်ဖိုးမြင့်ထုတ်ကုန်အဖြစ် ထုတ်လုပ်တင်ပို့ရန် နည်းပညာနှင့် စက်ရုံများလိုအပ်ခြင်းကြောင့် အခြားနိုင်ငံသို့ လေ့လာရမည်ဖြစ်ပြီး ငရုတ်စိုဈေးကွက်တွင် ဝယ်လိုအားမရှိချိန် ဈေးကွက်အပြောင်းအလဲနှင့် တင်ပို့ရာလမ်းကြောင်း အဆင်မပြေဖြစ်ချိန်၌ ပြည်တွင်း ပိုလျှံမှုများရှိလာချိန် ဈေးကွက်မတည်ငြိမ်မှု ဖြစ်ပေါ်နိုင်သည် ဟု ဆိုသည်။

အယ်ဒီတာ: အောင်သန့်ခိုင် တာဝန်ခံအယ်ဒီတာ: Xu Ting
hackIE

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

194.14MMK

1 ယွမ်=194.14ကျပ်