မြန်မာပြည်တွင်း စက်သုံးဆီသုံးစွဲမှုနှုန်း ပြန်တက်၊ဈေးနှုန်း အတက်ဘက် ဦးတည်

2020-05-20 15:21 မြန်မာတိုင်းမ်နေ့စဉ်

 1_1133 (1)

မြန်မာနိုင်ငံအနှံ့အပြားတွင် အသွားအလာ ကန့်သတ်မှုများ ဖြေ့လျှော့ပြီးနောက် ပြည်တွင်းစက်သုံးဆီ သုံးစွဲမှုနှုန်း အနည်းငယ် ပြန်တက်လာခဲ့ပြီး ဈေးနှုန်းများလည်း အတက်ဘက်တွင် ဆက်လက်ရှိနိုင်ကြောင်း စက်သုံးဆီလုပ်ငန်းလုပ်ကိုင်နေသူအချို့ထံမှ သိရသည်။

ကိုဗစ်ဂယက်ကြောင့် ကမ္ဘာ့အနှံ့အပြားတွင် စက်သုံးဆီဈေးနှုန်းများကျဆင်းနေခြင်းဖြစ်ပြီး ဧပြီလမှစတင်ကာ ပြည်တွင်းသုံးစွဲမှုနှုန်းလည်း လျော့နည်းလာခဲ့သည်။

“ပြည်တွင်း သုံးစွဲမှုက လက်ရှိမှာ ကိုဗစ်ရောဂါနည်းနည်းငြိမ်သွားတာကြောင့် ပြီးခဲ့တဲ့ နှစ်လကထက် သုံးစွဲမှုတွေပြန်တက်လာတယ်။ ပြီးခဲ့တဲ့ ဧပြီလထဲမှာ ဈေးကွက်က မရှိသလောက်ဖြစ်သွားတယ်။ မနေ့ကဆို ဈေးကွက်ပြတ်လပ်မှု အထိဖြစ်သွားပြီး သိုလှောင်ထားတဲ့ ဆီတွေအကုန် ကုန်သလောက်ဖြစ်သွားတယ်”ဟု MK High Class Fuel Distribution ၏ CEO ဦးမင်းအောင်ခန့်က ဆိုသည်။

ယနေ့မေ၁၈ ရက် စက်သုံးဆီဆိုင်အချို့၏ လက်ကားရောင်းချသည့် ဈေးနှုန်းများမှာ ဒီဇယ်တစ်လီတာ ၄၇ဝ ကျပ်၊ ပရီမီယမ်ဒီဇယ် တစ်လီတာ ၄၈ဝ ကျပ်၊ အောက်တိန်း ၉၂ တစ်လီတာ ၃၈ဝ ကျပ်၊ အောက်တိန်း ၉၅ တစ်လီတာ ၅၀ဝ ကျပ်၊အောက်တိန်း ၉၇ တစ်လီတာ ၈၁ဝ ကျပ်ဖြင့် မေလ ဆန်းနောက်ပိုင်းတွင် ဈေးနှုန်းများပြန်လည်မြင့်တက်လာခြင်းဖြစ်သည်။

“စက်သုံးဆီးဈေးနှုန်းကတော့ ကမ္ဘာ့ပေါက်ဈေး ဝယ်ယူရတဲ့ဈေးကို အခြေခံတွက်ချက်ရတာဖြစ်လို့၊ ပြည်တွင်းသုံးစွဲမှု တွေတက်လာလို့ဈေးတက်လာတာတော့မဟုတ်ဘူး။ ဈေးကွက်ပေါ်အခြေပြုတာဖြစ်လို့ ပြည်တွင်းပေါက်ဈေးက နိုင်ငံတကာဈေးအပေါ်မှာပဲမူတည်မယ် ”ဟု မြန်မာနိုင်ငံစက်သုံးဆီတင်သွင်းရောင်းချဖြန့်ဖြူးသူများအသင်း ရုံးအဖွဲ့မှူး ဦးဝင်းမြင့်က မြန်မာတိုင်းမ်သို့ မှတ်ချက်ပြုသည်။

ပြည်တွင်းစက်သုံးဆီဈေးကွက်သည် မတ်လနှင့်ဧပြီလအတွင်းဝယ်လိုအား ကျဆင်းခဲ့သည်။Covid-19 ဂယက်ကြောင့် ကမ္ဘာ့ရေနံဈေးများ စံချိန်တင်ထိုးကျလာကာ နောက်ဆက်တွဲအနေဖြင့် ပြည်တွင်းစက်သုံးဆီ ဈေးနှုန်းများပါ ကျဆင်းလာခြင်းဖြစ်သည်။

မေ ၅ ရက်တွင် ပြည်တွင်းစက်သုံးဆီဆိုင်များ၏ ဈေးနှုန်းမှာ ဒီဇယ် တစ်လီတာ ၄၅ဝ ကျပ်၊ ပရီမီယမ်ဒီဇယ် တစ်လီတာ ၄၆ဝ ကျပ်၊ အောက်တိန်း ၉၂ တစ်လီတာ ၃၁ဝ ကျပ်၊ အောက်တိန်း ၉၅ တစ်လီတာ ၄၃ဝ ကျပ်၊အောက်တိန်း ၉၇ တစ်လီတာ ၇၆ဝ ကျပ်ဖြင့် ဧပြီလဈေးနှုန်းများအတိုင်း အကျဘက်တွင် ဆက်လက်ရပ်တည်ခဲ့သည်။

လက်ရှိတွင် ကမ္ဘာ့ရေနံထုတ်လုပ်မှု လျှော့ချခြင်းများရှိသော်လည်း ကမ္ဘာအနှံ့အပြားတွင် စက်သုံးဆီ သုံးစွဲမှု ပြန်လည်ရှိလာခြင်းကြောင့် ဈေးနှုန်းများ အတက်ဘက်၌ ဆက်လက်ရှိနေမည်ဖြစ်ကြောင်း စက်သုံးဆီလုပ်ငန်း လုပ်ကိုင်သူ အချို့က ခန့်မှန်းကြသည်။

Covid-19 မဖြစ်ခင်ကာလ၂ဝ၂ဝ ပြည့်နှစ်၊မတ် ၇ ရက်ထိ ပြည်တွင်းစက်သုံးဆီဈေးနှုန်းမှာ အောက်တိန်း- ၉၂ တစ်လီတာ ကျပ် ၆၆ဝ၊ အောက်တိန်း- ၉၅ တစ်လီတာ ကျပ် ၇၈ဝ၊ ဒီဇယ်တစ်လီတာ ကျပ် ၇၂ဝ နှင့် ပရီမီယံဒီဇယ် တစ်လီတာ ကျပ် ၇၃ဝ ဖြင့် ရောင်းချခဲ့သည်။  (မြန်မာတိုင်းမ်နေ့စဉ်)

အယ်ဒီတာ: ခင်ခင် တာဝန်ခံအယ်ဒီတာ: Xu Ting
hackIE

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

194.78MMK

1 ယွမ်=194.78ကျပ်