နိုဝင်ဘာလအထိ ပြည်တွင်းပြည်ပ ခရီးဧည့်၂၀ မှ ၅၀ ရာခိုင်နှုန်းခန့် အထိ ကျဆင်းနေ

2015-11-30 15:18 မြန်မာတိုင်းမ်သတင်းစာ

ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်း ၀န်ကြီးဌာန သည် ယခုနှစ် ၂၀၁၅ ခရီးသွား ရာသီ တွင် ပြည်ပ ခရီးသွား ဧည့်သည် ငါးသန်းခန့် လာရောက် လည်ပတ်ရန် မျှော်မှန်း ထား သော်လည်း နှစ်ကုန်ပိုင်း အထိ ခရီးသွား ဦးရေ ၂၀ မှ ၅၀ ရာခိုင်နှုန်းခန့် အထိ ကျဆင်းနေ ကြောင်း ခရီးသွား လုပ်ငန်းရှင်များ က ပြောသည်။

"အမှန်တိုင်း ပြောရရင် နိုဝင်ဘာ တစ်လလုံး ပြည်တွင်းပြည်ပ ခရီးသွားလုပ်ငန်း အကုန် ရပ်နား ထားရပါတယ်။ အကုန်လုံးက ရွေးကောက်ပွဲမှာပဲ အာရုံစိုက် နေတာကြောင့် မှန်း ထားသလောက် မရပါဘူး။ စီစဉ်ထားပြီးမှ လုံးဝမထွက်ရတဲ့ ခရီးစဉ် တွေလည်း ရှိပါ တယ်။ ပြီးခဲ့တဲ့နှစ် ဒီအချိန်နဲ့ နှိုင်းယှဉ်ရင် ထင်သလောက် မဟုတ်သေးပါဘူး"ဟု Nature Dreams ခရီးသွားလုပ်ငန်း ဒါရိုက်တာ ဒေါ်ခေါင်ခေါင် က မြန်မာတိုင်း(မ်)ကိုပြောသည်။ ခရီးသွား လုပ်ငန်းက နိုဝင်ဘာ ၉ ရက်နေ့ ထွက်မည့် ပြည်တွင်းခရီးစဉ်နှင့် ၁၃ ရက်နေ့ထွက် မည့်ပြည်ပခရီးစဉ်များတွင် လိုက်ပါမည့် ခရီးသည်နည်းသောကြောင့် ဖျက်သိမ်း လိုက်ရ ကြောင်း သူက ပြောသည်။

"ပြည်ပက လာတဲ့ ခရီးသွား ဧည့်သည် မရှိသလောက် နည်းပါတယ်။ ဟိုအရင်နှစ် က ဘွတ်ခ်ကင် လုပ်ထားတဲ့ သူတွေလောက်ပဲ လာကြပါတယ်။ ဘိုကင် အသစ်ထပ် လုပ် ထားတဲ့သူ မရှိသေး ပါဘူး"ဟု သူက ပြောသည်။ "ရွေးကောက်ပွဲ ရလဒ်က မျှော်လင့်ထား တဲ့အတိုင်း ဖြစ်လာတဲ့ အတွက် ခရီးသွားလုပ်ငန်း က အခု လက်ရှိ ကြုံတွေ့ နေရတဲ့ အခတ်အခဲ ပေါင်းစုံ ကနေ ပိုကောင်း လာမယ် လို့ ယုံကြည်ပါတယ်။ ခရီးစဉ်တွေ နည်းသွားတယ်။ ရပ်ဆိုင်း လိုက်ရတာ ရှိတယ်။ မျှော်မှန်းထား သလို ဖြစ်မလာတာ ရှိတယ် ဆိုတာ ကြိုတင် မှန်းထားပြီး သားပါ။ နောက်နှစ် ခရီးသွားရာသီမှာ ကျိန်း သေ လုပ်ခွင့် ရတော့မှာ ဖြစ်တဲ့အတွက် ၁၀၀ ရာခိုင်နှုန်း အပြည့် ပိုကောင်းလာမယ် လို့ ယုံကြည် ပြီးသားပါ။ အဲဒီအတွက် ကျေနပ်ပါ တယ်"ဟု ဒေါ်ခေါင်ခေါင်က ပြောသည်။ "နိုဝင်ဘာမှာ ဧည့်သည် နည်းတဲ့ အတွက် တစ်လလုံး နားထား ရပါတယ်။ ခရီးစဉ် ဘွတ်ခ်ကင် ဖျက် လိုက်တဲ့ ဧည့်သည်တွေက ပြန်မလာ တော့ပါဘူး။ မနှစ်က နိုဝင်ဘာ၊ ဒီဇင်ဘာ ဆိုရင် ဧည့်သည်တွေ က ပျားပန်းခပ်မျှ လာပါတယ်။ အဲဒါကြောင့် ဒီလတွေမှာ မျှော်မှန်းထား သလို ဖြစ်မလာပါဘူး" ဟု တိုးဒီမြန်မာ ခရီးသွားလုပ်ငန်း အုပ်ချုပ်မှု ဒါရိုက်တာ ဒေါ်လှဒါလီခင်က မြန်မာတိုင်း(မ်)ကို ပြောသည်။

ရွေးကောက်ပွဲတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် နိုင်သွား သည့်အတွက် နိုင်ငံ၏ ကဏ္ဍ အားလုံး ကောင်းမွန် လာရန် မျှော်မှန်း ထားပြီး အထူးသဖြင့် ခရီးသွား လုပ်ငန်းသည် အမြန်ဆုံး ဖွံ့ဖြိုး တိုးတက် လာမည် မြင်ကြောင်း သူက ပြောသည်။ " မျှော်မှန်းထားတဲ့ ခရီးသွား ဧည့်သည် ဘယ်လို ဖြစ်လာမယ် လိုတော့ မပြော တတ်ပါဘူး။ ၀န်ကြီးဌာနက ကောက်ယူတဲ့ စာရင်း ဇယားက ဘယ်လို အခြေခံ ထားလဲပေါ် မူတည် ပါတယ်။ လက်ရှိ ဟိုတယ်နှင့် ခရီးသွား လုပ်ငန်း အခြေအနေ အရ ငါးသန်း ပြည့်မီဖို့ ခက်ခဲမယ် ထင်ပါတယ်" ဟု ၎င်းက ပြောသည်။ ခရီးသွားလုပ်ငန်း သည် နိုင်ငံရေးနှင့် တိုက်ရိုက် အချိုးကျ သော ကြောင့် ၂၀၁၆ နောက်ပိုင်း နိုင်ငံရေး တည်ငြိမ် သွားသည့် အချိန်တွင် ခရီးသွား လုပ်ငန်းများ တိုးတက်ကောင်းမွန် လာမည် ဟု ခရီးသွား လုပ်ငန်း အုပ်ချုပ်မှု ဒါရိုက်တာ ဒေါ်စံပယ်အောင် က မြန်မာတိုင်း(မ်)ကို ပြောသည်။

"၂၀၁၆ နောက်ပိုင်း ခရီးသွား လုပ်ငန်းက အရမ်း တိုးတက် ပြောင်းလဲ လာမှာပါ။ အဲဒီ အခါ ကျ ခေတ်မမီ တော့တဲ့ စနစ်တွေကို ပြောင်းလဲဖို့ လိုပါတယ်။ ဘဏ်လုပ်ငန်း၊ လမ်းပန်း ဆက်သွယ်ရေး နဲ့ နည်းပညာပိုင်း ဆိုင်ရာတွေကို လည်း စနစ်တကျ အသုံးချ တတ်ဖို့ လိုပါတယ်။ ခရီးသွား လုပ်ငန်းမှာ ဘဏ္ဍာရေး အထောက်အပံ့ နဲ့ မလိုလားအပ်တဲ့ ရင်းနှီးမြှုပ်နှံမှုမျိုး မဖြစ်အောင် ထိန်းသိမ်းဖို့ လိုပါတယ်" ဟုဒေါ်စံပယ်အောင်က ပြောသည်။ ယခု လက်ရှိ အခြေအနေရ နှစ်ကုန်ထိ ခရီးသွား လုပ်ငန်းများ ငြိမ်နေဦးမည် ဖြစ်ပြီး ၂၀၁၆ နောက်ပိုင်းတွင် အလားအလာ ကောင်းနိုင်သည်။ ခရီးသွား ဈေးကွက်တွင် လည်း ဥရောပ နှင့် အမေရိကန် ဈေးကွက်သည် အာရှ ထက် ပိုမို ၀င်ရောက်လာမည် ဟု သူက ပြောသည်။

"အချိုးက ပြောင်းပြန် ဖြစ်သွားမှာပါ။ အခု ၀င်ရောက်နေတဲ့ အာရှ ခရီးသွား ၆၀ ရာခိုင်

နှုန်း၊ ဥရောပ ခရီးသွား ၄၀ ရာခိုင်နှုန်း ကနေ ပြောင်းပြန် ဖြစ်သွား နိုင်ပါတယ်။ အဲဒါတွေ အပြင် ခရီးသွား အများစု သွားနေကျ နေရာတွေ မဟုတ်တဲ့ တိုင်းရင်းသား ဒေသနေရာ တွေကို လည်း ဖော်ထုတ် ပေးစေ ချင်ပါတယ်" ဟု ဒေါ်စံပယ်အောင်က ပြောသည်။ ပြည်တွင်း ဘုရားဖူး အခြေနေ သည်လည်း ပြည်ပ ခရီးသွား အခြေအနေများ နည်းတူ ငြိမ်နေ သောကြောင့် ပြည်တွင်း ဘုရားဖူး အသင်းက ယခုနှစ်တွက် မျှော်မှန်းထားသည့် ပြည်တွင်း ခရီးသွား ဘုရားဖူး ဧည့်သည် အရေအတွက် ငါးသန်းထက်လျော့နည်း နိုင် ကြောင်း အသင်း အကြံပေး ဦးမျိုးဦးက ပြောသည်။ "ဒီပုံစံတိုင်း ဆိုရင် မှန်းထားတဲ့ ငါးသန်း မပြည့်နိုင်ဘူး ထင်ပါတယ်။ အားလုံးက လည်း အေးနေ ပါတယ်။ ပုံမှန်ဆို ဒီချိန် ခရီးသွား ဧည့်သည် အုတ်အော်သောင်းတင်း ဖြစ်နေရမှာပါ" ဟု ဦးမျိုးဦး ကပြောသည်။

ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာနထုတ်ပြန်ချက်အရ ပြီးခဲ့သည် စက်တင်ဘာလကုန်အထိ ပြည်ပခရီးသွား ဧည့်သည် ၃ ဒသမ ၃၇ သန်းဝင်ရောက်ခဲ့ပြီး အများစုမှာ နယ်စပ်ဂိတ်များမှ တစ်ရက် ခရီးလာရောက်ကြသော ခရီးသွားများဖြစ်သည်။ (Byအိအိသူ)

အယ်ဒီတာ: မိုးဦးသဇင် တာဝန်ခံအယ်ဒီတာ: Xu Ting
hackIE

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

194.14MMK

1 ယွမ်=194.14ကျပ်