ယခုနှစ်တွင် ပြည်တွင်းခရီးသွား ငါးသန်းအထိ ရှိလာရန် မျှော်မှန်းထား

2015-10-21 16:22 မြန်မာတိုင်းမ်

 travel11

ပြည်တွင်းခရီးသွားများ သွားလေ့ရှိသည့် တောင်ပြုံန်းပွဲတော်၏ မြင်ကွင်း

ပြည်တွင်း ဘုရားဖူးနှင့် ခရီးသွား ၀န်ဆောင်မှု အသင်းသည် ယခုနှစ် ခရီးသွားရာသီတွင် ဧည့်သည် ငါးသန်း အထိ ပို့ဆောင်ပေးနိုင်ရန် မျှော်မှန်းထားကြောင်း အသင်း အကြံပေး အဖွဲ့ဝင် ဦးမျိုးဦးက ပြောသည်။

"ပြည်တွင်း ခရီးသွား ငါးသန်း ပြည့်ဖို့ ခန့်မှန်း ထားပါတယ်။ ဒီနှစ် တောင်ပြုန်းပွဲ သွားတဲ့ ခရီးသွား ရလဒ် အရ ဆုတ်ယုတ် သွားတာ မရှိပါဘူး။ ရာသီအစမှာ အလားအလာ ကောင်းတယ် လို့ ယူဆ ရမှာပါ။ ဒါပေမဲ့ ဘုရားဖူး ခရီးသွားတွေက ဘုရားဖူးယာဉ် ထက် ကိုယ်ပိုင် ကား အသေးလေး တွေနဲ့ သွားတဲ့ သူများ လာတာကြောင့် ရန်ကုန် ကနေ ထွက်တဲ့ ဘုရာဖူးယာဉ် နည်းသွား ပါတယ်။ တောင်ပြုန်းပွဲကတော့ နှစ်စဉ်နှစ်တိုင်း စည်ကား ပါတယ်" ဟု ဦးမျိုးဦးက ပြောသည်။ ဘုရားဖူး ခရီးသွားများသည် ဘုရားဖူး ယာဉ်များ နှင့် သွားခြင်း ထက် မိမိ အစီအစဉ်ဖြင့် သွားရောက်မှု များလာ သောကြောင့် ယခုနှစ် တောင်ပြုန်းပွဲတော် တွင် ရန်ကုန် မှ ဘုရားဖူးယာဉ် ၇၀ခန့်သာ ရှိခဲ့သည်။

၎င်းအရေအတွက်သည် ပြီးခဲ့သည့်နှစ် နှင့် နှိုင်းယှဉ် ပါက အနည်းငယ် လျော့နည်း သွား သည် ဟု ဦးမျိုးဦးက ပြောသည်။" နောက်ပိုင်း ခရီးစဉ်တွေ များလာ နိုင်ပါတယ်။ မြန်မာပြည် တောင်ပိုင်း တနင်္သာရီ၊ ထားဝယ်၊ ကော့သောင်း၊ မြိတ်ကျွန်းစုမှာ ရှိတဲ့ အသဲပုံရေပြာအိုင် ရှိရာ ကြက်မောက်ကျွန်း စတာတွေကို အသွား များနိုင်တယ်။ ရက်တို ခရီးဖြစ်တဲ့ ကရင် ပြည်နယ်၊ ကျိုက်ထီးရိုး၊ ချောင်းသာ နဲ့ ငွေဆောင်ကမ်းခြေ တို့ကိုလည်း အသွား များလာ မယ်။ နှစ်တိုင်း သွားနေကျ ခရီးတို နေရာတွေ ဖြစ်တာကြောင့် ဒီဇင်ဘာ၊ ဇန်န၀ါရီ၊ ဖေဖော်ဝါရီ နဲ့ မတ်လတွေ ဆိုရင် နေ့စဉ် ပို့ဆောင်ပေးတဲ့ ဘုရားဖူး ခရီးသွား ကုမ္ပဏီတွေ ရှိပါတယ်" ဟု ၎င်းက ပြောသည်။

မိုးတွင်းမှာလည်း ပုဂံ၊ တောင်ကြီး၊ အင်းလေး၊ ချောင်းသာ စတာတွေကို သွားနေကျတာ ဆိုတော့ ဧည့်သည် ငါးသန်းက ပြည့်မယ် ထင်ပါတယ်။ ခရီးသွား အရေအတွက် ကျတယ် မကျဘူး ဆိုတာ ခရီးသွားတွေ ရဲ့ ရွေးချယ်မှု ပေါ်မူ တည်ပါတယ်" ဟု ဦးသန်းဌေးက ပြောသည်။

မိုးရာသီတွင် ခရီးသွား များသည် ရက်တို ခရီးဖြစ်သည့် မော်လမြိုင်၊ ပြည်၊ ဘားအံ စတဲ့ နေရာများသို့ အသွားများ လျက်ရှိပြီး လာမည့် ခရီးသွား ရာသီတွင် ခရီးသွား ဦးရေ တိုးလာ နိုင်သည် ဟု ခန့်မှန်းကြောင်း တော်ဝင်နန်း ထိပ်ထား ခရီးသွား ကုမ္ပဏီ ဒါရိုက်တာ ဒေါ်ဖလော်ရာက မြန်မာတိုင်း(မ်)ကို ပြောသည်။

"အရင်က မိုးတွင်း ခရီးသွား လေ့မရှိ ပေမယ့် ပြီးခဲ့တဲ့ မိုးရာသီ ကစပြီး ခရီးသွားလာ ကြ တာ ဒီနှစ်မှာ တော်တော်များများ သွားကြတယ်။ ရာခိုင်နှုန်း အားဖြင့် တိတိကျကျ မပြောနိုင် ပေမဲ့ တိုးလာပါတယ်။ အဲဒါကြောင့် ဒီနှစ်မှာ မနှစ်ကထက် ခရီးသွား ဦးရေ ပိုများလာ နိုင်ပါ တယ်" ဟု ၎င်းက ပြောသည်။ ချင်းပြည်နယ် နတ်မတောင်၊ ကယားပြည်နယ် နှင့် မန္တလေး ကျောက်စိမ်းဘုရား နေရာများသည် ယခုနှစ် ခရီးသွား ရာသီတွင် လူသွားများသည့် နေရာ များ ဖြစ်လာနိုင်မည် ဟု ခန့်မှန်းထားကြောင်း ၎င်းက ပြောသည်။

ပြည်တွင်း ဘုရားဖူး နှင့် ခရီးသွား ၀န်ဆောင်မှု အသင်း ၏ စာရင်းမှတ်တမ်းများ အရ ၂၀၁၁-၁၂ ခရီးသွားရာသီ ၂၀၁၁ ဩဂုတ်လ မှ ၂၀၁၂ ဧပြီလကုန်ထိတွင် ပြည်တွင်း ခရီးသွား ၃ ဒသမ ၁ သန်း ရှိခဲ့ရာ မှ ၂၀၁၄-၁၅ ခရီးသွား ရာသီတွင် ခရီးသွား ၄ ဒသမ ၈ သန်းခန့် အထိ တိုးတက်ခဲ့သည်။ ထို့ကြောင့် ယခု ခရီးသွား ရာသီတွင် ပြည်တွင်း ခရီးသွား ငါးသန်းထိ တိုးလာရန် ခန့်မှန်းထားခြင်း ဖြစ်သည်။ (By အိအိသူ)

အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting
hackIE

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

194.14MMK

1 ယွမ်=194.14ကျပ်