ကမ္ဘာ့ရေနံစိမ်းဈေးကျနေသော်လည်း ပြည်တွင်းစက်သုံးဆီဈေးကွက် ထူးခြားမှုမရှိဟုဆို

2015-08-24 18:09 ၇ရက်နေ့စဉ်သတင်းစာ

ကမ္ဘာ့ရေနံစိမ်းဈေး ဆက်လက်ကျဆင်းနေပြီး ပြည် တွင်းစက်သုံးဆီဈေးနှုန်းမှာ သိ သာစွာ ပြောင်းလဲမှု မရှိသေး ကြောင်း ပြည်တွင်း စက်သုံးဆီ ဈေးကွက်မှ သတင်းရရှိသည်။

ကမ္ဘာ့ ရေနံစိမ်း ဈေးသည် လက်ရှိတွင် တစ်စည်လျှင် ဒေါ်လာ၄၀ ဖြစ်သွားသည် အထိ စံချိန်တင် ဆက်လက် ကျဆင်း နေခဲ့ခြင်း ဖြစ်ပြီး တစ်လ အတွင်း ၁၀ ဒေါ်လာ ခန့် ဈေး ကျသွားခဲ့ခြင်း ဖြစ်သည်။

ပြီးခဲ့သည့် ဇူလိုင် ၂၃ ရက်က ကမ္ဘာ့ ရေနံစိမ်း ဈေးမှာ တစ်စည် လျှင် ဒေါ်လာ ၅၀ ခန့်ရှိရာမှ ဩဂုတ် ၁၀ ရက်၌ ၄၃ ဒေါ်လာသို့လည်းကောင်း၊ ဩဂုတ် ၂၃ ရက်တွင် ဒေါ်လာ ၄၀ ခန့်သို့ လည်းကောင်း ထပ်မံကျဆင်း သွားခဲ့ခြင်းဖြစ်သည်။

ထိုသို့ ရေနံစိမ်း ဈေး ကျဆင်း နေသော်လည်း ပြည်တွင်း စက်သုံးဆီ ဈေးမှာ သိသာစွာ ပြောင်းလဲမှု မရှိခဲ့ဘဲ ဩဂုတ် ၁၀ ရက်ပေါက် ဈေးအတိုင်း ဆိုင်အများစုက ဆက်လက် ရောင်းချ လျက်ရှိ ကြောင်း သတင်းရရှိသည်။

ကမ္ဘာ့ ရေနံစိမ်း ဈေးသည် တစ်စည်လျှင် ဒေါ်လာ ၅၀ ခန့် ရှိခဲ့စဉ်က ပြည်တွင်း စက်သုံးဆီ ဈေးကွက်တွင် အောက်တိန်း-92 တစ်လီတာလျှင် ၇၃၀ ကျပ်၊ အောက်တိန်း- 95 တစ်လီတာလျှင် ၈၀၀ ကျပ်၊ ဒီဇယ်တစ်လီတာလျှင် ၇၀၀ ကျပ်နှင့် ပရီမီယံဒီဇယ် တစ်လီတာလျှင် ၇၃၀ ကျပ်နှုန်းဖြစ်ပေါ်ခဲ့သည်။

ဩဂုတ် ၂၃ ရက်တွင်မူ ကမ္ဘာ့ရေနံစိမ်း တစ်စည် ဈေးမှာ ဒေါ်လာ ၄၀ သို့ ကျဆင်းသွား သော်လည်း ပြည်တွင်း စက်သုံးဆီ ဈေးကွက်တွင် အောက်တိန်း-92တစ်လီတာ ၇၀၀ ကျပ်၊ အောက်တိန်း- 95 တစ်လီတာ ၈၀၀ ကျပ်၊ ဒီဇယ် တစ်လီတာ ၆၆၀ ကျပ်နှင့် ပရီမီယံ ဒီဇယ် တစ်လီတာ ၇၀၀ ကျပ်ဖြင့် ရောင်းချမှုရှိနေ ပြီး ယင်းနှုန်းထားမှာ ဩဂုတ် ၁၀ ရက်တွင် ဖြစ်ပေါ်ခဲ့သည့်နှုန်း ထားအတိုင်းဖြစ်သည်။

‘‘ဒီရာသီက အရောင်းလည်း ပါးတယ်။ ကမ္ဘာ့ ဈေးလည်း ကျနေတော့ ပြည်တွင်း ဈေးကွက် မှာ ဒီထက်မက ဆက်ကျလာမယ်လို့ ထင်ထားတာ။ အခုက သိပ်မသိ သာဘူး ဖြစ်နေတယ်။ ကုမ္ပဏီတွေ ဘက်က ဘာကို ချိန်ဆနေ လဲတော့ မသိဘူး’’ဟု ပြည်တွင်း စက်သုံးဆီ ဖြန့်ဖြူးရေး နှင့် ဈေးကွက် ကျွမ်းကျင်သူ တစ်ဦးက ဆိုသည်။

ကမ္ဘာ့ ရေနံစိမ်း ဈေးမှာ ၂၀၁၄ နှစ်ကုန် မှစတင်၍ ဈေးကျ ဆင်းမှုများ ဖြစ်ပေါ် ခဲ့ပြီး ၂၀၁၅ ဧပြီလဆန်း မှစ၍ ဈေး ပြန်လည် မြင့်တက် လာခဲ့ သော်လည်း အမြင့်ဆုံး တစ်စည် လျှင် ဒေါ်လာ ၆၀ ကျော်အထိသာ ရောက်ရှိခဲ့ပြီး ဇွန်လကုန်မှစ၍ ဈေးပြန်လည် ကျ ဆင်းခဲ့ခြင်းဖြစ်သည်။ (By မိုးမင်း)

အယ်ဒီတာ: မိုးဦးသဇင် တာဝန်ခံအယ်ဒီတာ: Xu Ting
hackIE

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

194.14MMK

1 ယွမ်=194.14ကျပ်