ရန်ကုန်မြို့တွင် အထူးကားစနစ် မကြာမီဖျက်သိမ်းရန် စီစဉ်

2015-08-19 15:37 ၇ရက်နေ့စဉ်သတင်းစာ

ရန်ကုန်မြို့တွင်း ပြေး ဆွဲနေသော အထူးဘတ်စ်ကား စနစ် ဖျက်သိမ်းရန် အစီအစဉ် ရှိကြောင်း မော်တော်ယာဉ် လိုင်း ပေါင်းစုံ ထိန်းသိမ်းရေး ကြီးကြပ်မှု ကော်မတီ (ဗဟို)မှ သတင်းရရှိသည်။

ရန်ကုန်မြို့တွင် ဘတ်စ်ကားများ ယာဉ်စီးခ ကောက်ခံမှု စနစ်ကို တစ်ပြေးညီ ဖြစ်ရန်  မကြာမီ ပြောင်းလဲ ကျင့်သုံးမည် ဖြစ်၍ ယင်း စနစ် ကျင့်သုံး ပါက အထူး ဘတ်စ်ကားများ ဟူ၍ ခွဲခြားရှိ နေတော့မည် မဟုတ်ကြောင်း မထသ(ဗဟို)ဥက္ကဋ္ဌ ဦးလှအောင်က ပြောကြား သည်။

‘‘ယာဉ်စီးခ တစ်ပြေးညီ သတ်မှတ် ရတာ ကလည်း ခရီးသည်တွေ နဲ့ ယာဉ်လုပ်သားတွေ ကြားမကြာ ခဏ အငြင်းပွား နေကြတာ ဖြေရှင်း နိုင်ဖို့နဲ့ အားလုံး စနစ်တကျ ဖြစ်အောင် ရည်ရွယ် ပြီး လုပ်ရတာ ပေါ့။ မိုင် အကွာအဝေး အလိုက် ယာဉ် စီးခနှုန်း သတ်မှတ်မှာ ဖြစ်လို့ အဲဒီအချိန်မှာ အထူးကား ဆိုတာ တွေလည်း ရှိတော့မှာ မဟုတ်ဘူး’’ ဟု ဦးလှအောင်က ပြောကြား သည်။

ယာဉ် စီးခ ပြောင်းလဲမှု အနေဖြင့် တစ်မိုင်လျှင် ၂၀ ကျပ် နှုန်းဖြင့် အခြေပြုထား သတ်မှတ် ထားပြီး ငါးမိုင် အတွင်း ၁၀၀ ကျပ် သတ်မှတ်ကာ၊ နောက်ထပ် ငါးမိုင်တိုးတိုင်း ၁၀၀ ကျပ် ထပ်မံ တိုးမြှင့်ကောက်ယူသွားစေမည်ဟု သိရသည်။ ယင်း ယာဉ်စီးခ ကောက်ခံမှု ကိုလည်း ခရီးမိုင် အကွာအဝေး အလိုက် ဖြတ်ပိုင်းဖြင့် ကောက်ခံ စေမည်ဟု ပြောကြားသည်။

သို့သော် ခရီးရှည် ပြေးဆွဲ ရမည့် ယာဉ်လိုင်းများ အတွက် ခရီးသည်များ ငွေ အပို ကုန်ကျမှု မရှိစေ ရေး သီးခြား စီစဉ် သတ်မှတ် ရန်ရှိသည်ဟု သိရသည်။

‘‘အစီအစဉ် ကတော့ အကုန် ရေးဆွဲ ပြီးသားပါ။ တိုင်းဒေသကြီး အစိုးရ အဖွဲ့ ခွင့်ပြုချက် ကျ တာ နဲ့ အကောင်အထည် စဖော်သွားမှာ ပါ’’ဟု ဦးလှအောင်က ပြောကြားသည်။

ယင်းသို့ လုပ်ဆောင်ခြင်းမှာ ယာဉ်စီး ခနှုန်း ထား တိုးမြှင့် ကောက်ခံခြင်း မဟုတ်ဘဲ ခရီးသည် များ၊ ယာဉ်ပိုင်ရှင်၊ ယာဉ်လုပ်သားများ ကြား အဆင်ပြေစေရန် ယာဉ်စီးခ ကောက်ခံမှု ပုံစံ ပြောင်းလဲခြင်း သာဖြစ်သည်ဟု ပြောကြားသည်။

‘‘ကျွန်တော်တို့ ကတော့ ပြောင်းလဲမှု လုပ်တာ ကိုတော့ လက်ခံ နိုင်ပါတယ်။ အရင်က ခရီးသည် တွေကို အဆင်ပြေ အောင် အထူးကား ဆိုပြီး ပြေးဆွဲ ပေးခဲ့တာပေါ့။ နောက်ပိုင်း စနစ်က ပျက်ပြီး အထူးယာဉ် လည်း မထူးဘူး ဖြစ်ကုန်ပြီး ကျွန်တော်တို့တွေက ဂုဏ် သိက္ခာမဲ့စွာ ရပ်တည် နေရ သလို ဖြစ်နေရတာလေ။ အောင်မြင်မှု ရဖို့ကတော့ တိတိကျကျ အကောင်အထည်ဖော် နိုင်မှု အပေါ်မှာ မူတည်တယ်’’ ဟု (၄၈) အဲကွန်း အထူးယာဉ် သီးသန့် ပြေးဆွဲ နေသည့် ယာဉ်ပိုင်ရှင် ကို တရုတ်လေးက ပြောကြားသည်။

ရန်ကုန်မြို့တွင် ခရီးသည် များ အဆင်ပြေစွာ သွားလာနိုင် ရေးအတွက် ၂၀၀၈ ခန့် မှစတင် ၍ အထူး ယာဉ်လိုင်း များကို စတင် ပြေးဆွဲ ခွင့်ပြု ခဲ့ပြီး ခရီးသည် ထိုင်ခုံ ပြည့်သာ တင်ဆောင် မောင်းနှင် စေမှုဖြင့် စတင်ခဲ့သည်။

ထို့နောက် အဆိုပါ ယာဉ်များ၏ ၀န်ဆောင်မှုမှာ ကျဆင်း လာခဲ့ သည့်အတွက် ခရီးသွားများ ကြား ဝေဖန်မှုများစွာ ထွက်ပေါ် လာခဲ့ပြီး ၂၀၁၁ ခန့်မှစ၍ အထူးယာဉ်လိုင်း အသစ်ပြေးဆွဲမှု ကို ခွင့်မပြုတော့ကြောင်း မှတ်တမ်းများအရသိရသည်။

လက်ရှိအချိန်တွင် အထူးယာဉ်အဖြစ် ပြေးဆွဲနေသည့် ယာဉ်အစီးရေ ၈၀၀ ကျော်ရှိကြောင်း သိရသည်။ (By မိုးမင်း)

အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting
hackIE

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

194.14MMK

1 ယွမ်=194.14ကျပ်